Local News

ပဲပုပ်သီးနှံ၏ စိုက်ပျိုးထုတ်လုပ်တင်ပို့မှုနှင့်ဈေးကွက်အခြေအနေ

Last Updated:

အာဟာရဓာတ်ကြွယ်ဝသည့် အစားအစာများထဲတွင် ပဲပုပ်သီးနှံသည်လည်း တခုအပါအဝင် ဖြစ်ပါသည်။ ပဲပုပ်ကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးပြီး ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် တနင်္သာရီ တိုင်းဒေသကြီးတို့မှအပ ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်များတွင် အနည်းငယ်စိုက်ပျိုးလျှက်ရှိပါသည်။

ပဲပုပ်(မိုး)နဲ့ပဲပုပ်(ဆောင်း)ဆိုပြီး တစ်နှစ်လျှင်(၂)ကြိမ် စိုက်ပျိုးလျှက်ရှိရာ ပဲပုပ်(မိုး) ကို မေလမှ ဇွန်လအထိ စိုက်ပျိုးပြီး သြဂုတ်လနှင့် စက်တင်ဘာလ တို့တွင် ရိတ်သိမ်းပါသည်။ ပဲပုပ်(ဆောင်း)ကို နိုဝင်ဘာလမှဒီဇင်ဘာလအထိ စိုက်ပျိုးပြီး ဖေဖော်ဝါရီလနှင့်မတ်လတို့တွင် ရိတ်သိမ်းကြောင်း သိရှိ ရပါသည်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပဲပုပ်တင်ပို့မှုအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း စာရင်းများအရ (၁၆၆၁.၇၅) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၈၁၄) သန်း တင်ပို့နိုင်ခဲ့ပါသည်။ ၂၀၁၉ ခုနှစ်အတွင်း ကမ္ဘာ့ပဲပုပ်တင်သွင်းသည့် အများဆုံး (၁၀) နိုင်ငံဖြစ်သော တရုတ်၊ အာဂျင် တီးနား၊ နယ်သာလန်၊ ဂျပန်၊ ဂျာမဏီ၊ ထိုင်း၊ စပိန်၊ အင်ဒိုနီးရှား၊ တရုတ် (တိုင်ပေ) နှင့် တူရကီနိုင်ငံများအနက် တရုတ်နိုင်ငံသည် ပဲပုပ် (၈၈၅၈၅၈၆၉) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၃၅.၄၁၉) သန်း၊ ကမ္ဘာ့ဝေစု (၆၂.၈%) ဖြင့် အများဆုံးတင်သွင်းနိုင်သည့် နိုင်ငံဖြစ်ကြောင်း စာရင်းများအရ တွေ့ရှိရပါ သည်။

မြန်မာ့ပဲပုပ်ထွက်ရှိမှုအနေဖြင့် ၂၀၁၉-၂၀၂၀ ခုနှစ်အတွင်း ပဲပုပ်စိုက်ဧရိယာသည် (၃၃၉၇၂၇) ဧကဖြစ်ပြီး ပဲပုပ်တစ်ဧကလျှင် အထွက်နှုန်းမှာ (၁၈.၇၂) တင်းနှုန်းဖြစ်ပါကြောင်း၊ ပဲပုပ်စုစုပေါင်းအထွက်မှာ (၆၃၅၈၈၉၁) တင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ ပဲပုပ်စိုက်ပျိုးမှုမှာ ၂၀၁၉-၂၀၂၀ ခုနှစ်တွင် စိုက်ဧရိယာ (၃၃၉၇၂၇) ဧကလျှင် စုစုပေါင်းအထွက်မှာ (၆၃၅၈၈၉၁) တင်းဖြစ်၍ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် စိုက်ဧရိယာ (၃၄၃၈၄၅) ဧကလျှင် စုစုပေါင်းအထွက်မှာ (၆၄၃၈၅၄၄) တင်းနှင့် နှိုင်းယှဉ်သော် (၇၉၆၅၃) တင်း လျော့နည်းခဲ့ကြောင်း တွေ့ရှိရပါသည်။ ထိုကဲ့သို့လျော့နည်းခြင်းသည် တောင်သူများအနေဖြင့် အခြားသီးနှံများ ပြောင်းလဲစိုက်ပျိုးခဲ့ခြင်း နှင့်သီးထပ်စိုက်ပျိုးမှု လျော့နည်းခဲ့ခြင်းတို့ကြောင့် ဖြစ်ပါသည်။

ပဲပုပ်မှ ထုတ်လုပ်နိုင်သော ရိုးရာအစားအသောက်များ၊ ပဲနို့ရည်၊ အသားတု၊ ပဲပုတ်ခြောက်၊ တို့ဟူးဆီ၊ မုန့်မျိုးစုံနှင့် အခြားစားသောက်ကုန်များအနက် ပဲနို့သည် ပြည်တွင်းဈေးကွက် ကျယ်ကျယ်ပြန့်ပြန့် ရရှိနိုင်သော စားသောက်ကုန်ဖြစ်ပါသည်။ ပဲပုပ်ကို ဆီကြိတ်၍ ကျန်သော ကြိတ်ဖတ်များကို တိရစ္ဆာန်အစားအစာအဖြစ် အသုံးပြုနိုင်ပါကြောင်းနှင့် မြန်မာ့ပဲပုပ်ကို ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရေးအတွက် မြန်မာနိုင်ငံမှ ပဲပုပ်စိုက်ပျိုးထုတ်လုပ်သူ များ အနေဖြင့် ပဲပုပ်သီးနှံအား တိုးချဲ့စိုက်ပျိုး‌ရေး ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်သဖြင့် ကြိုတင်ပြင်ဆင်သင့်ကြောင်း သတင်းရရှိပါသည်။  

Source:  MITC News

Category: Local News